"နွားတွေကို နို့ပိုထွက်အောင် ဘယ်လိုလုပ်ပေးရမလဲ"တစ်ခါတုန်းက ပညာတော်သင် ရွေးချယ်မည့် ဘွဲ့ရလူငယ်တစ်ယောက်ကို အဖွဲ့ဝင် လူကြီးတစ်ယောက်က
မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ လူငယ်က ကြောင်အမ်းအမ်းနှင့် ရုတ်တရက် အဖြေမပေးနိုင်ပါပေ။ ထိုအခါ ပုဂ္ဂိုလ်ကြီးက အထင်သေးမျက်လုံးဖြင့် အပေါ်ဆီးမှ ကြည့်ကာ လူငယ်အား -
"မှတ်ထားကွ၊ နို့ညှစ်ခါနီး နှမ်းဖတ်နဲ့ရေ ကျကျနန ဖျော်ပြီး အဝတိုက်၊ နို့ထွက်ကရော. . . ."လို့ အဖြေသဘော ပြောပါသည်။ ပြီးတော့ တခြား လူကြီးတွေဘက် လှည့်ကာ
"အဲဒါတွေပဲဗျာ၊ ဘွဲ့ရတွေဆိုပြီး ဒါလောက် လွယ်တာလေးတောင် မသိကြဘူး။ ခက်တယ်၊ ကျုပ်တို့ကျတော့ နေရာတကာ သိနေကြတာ..."လို့ ဂုဏ်ကြီးတယူနှင့် မော်မော်ကြွားကြွား ပြောလိုက်ပေသည်။ တော်တော်လေးတော့ ခွကျသည်။ တကယ်တော့ ကိုယ့်ကျော ကိုယ်သပ်ကာ ကိုယ်ရည်သွေး တီးလုံး မြိုင်မြိုင် တီးလိုက်သော ထိုပုဂ္ဂိုလ်ကြီးက ဘွဲ့ပင်မရ။ သူမေးလိုက်သည့် မေးခွန်းကို လူငယ်လေး မဖြေနိုင်တာ အလွန်မဟုတ်ပါ။ ပါမောက္ခကြီးများကို ခေါ်မေးလျှင်လည်း သုံးနာရီလောက် အချိန်ယူပြီး Computer Presentation တွေနှင့် ရှင်းပြရမည့်
ပညာရပ်ဆိုင်ရာ ကိစ္စဖြစ်နေတာကို ထိုပုဂ္ဂိုလ်ကြီး သိဟန်မတူပေ။ နှမ်းဖတ်နှင့် ရေများများလောက်သာ အရပ်စကား ကြားဖူးနားဝ ရှိရုံလေးနှင့် သူ့ကိုယ်သူ အားလုံးသိ အားလုံးတတ်ဆိုသော ထင်တစ်လုံးနှင့် ကိုဖိုးသိ မှတ်ယူနေတာကိုက ရယ်စရာ ကောင်းလှပေသည်။ အနှီသို့သော ဤသို့သော ပုဂ္ဂိုလ်မျိုး ဘဝတစ်ကွေ့မှာ အဆွေတို့ကော ဘယ်နှစ်ဦးလောက် တွေ့ခဲ့ဖူးပြီလဲ...။
"မင်းချမ်းမွန် - မကျိုးမကြေသော မိုးရေကဲ့သို့လည်းကောင်း (နွယ်နီမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၀၉)" ဆောင်းပါးမှ














0 comments:
Post a Comment